Language: Myanmar English

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက မူလရေပေးဝေရေးစက်ရုံအတွင်း ဝင်ရောက်၍ ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် မော်တာအဟောင်း တစ်လုံးတို့အား ခြိမ်းခြောက်လုယက်ယူဆောင်

    လက်နက်ကိုင်အစွန်းရောက် အကြမ်းဖက်သမားများအနေဖြင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် လက်နက်အားကိုးဖြင့် ဌာနဆိုင်ရာ အဆောက်အအုံများ၊ အပြစ်မဲ့ အရပ်သားပြည်သူများ နေထိုင်ရာကျေးရွာများသို့ ဝင်ရောက်၍ ပစ်ခတ်တိုက်ခိုက်ခြင်း၊ လုယက်ခြင်းများစသည့် အကြမ်းဖက်လုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။ 
      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ မူလရေပေးဝေရေးစက်ရုံဝင်းသို့ PDF အမည်ခံ အကြမ်းဖက်သမား ၁၅ ဦးခန့်(စိစစ်ဆဲ)က ထွန်စက် တစ်စီးဖြင့် ရောက်ရှိလာပြီး ဝန်ထမ်းများအား ခြိမ်းခြောက်၍ စက်ရုံအတွင်းရှိ MGY-12/6P-XXXX ISUZU GARBAGE COMPACTOR TRUCK အဖြူရောင် မော်တော်ယာဉ် တစ်စီး၊ MGY-12/6P-XXXX LIFAN အစိမ်းရောင် ရေစုပ်စက် မော်တော်ယာဉ် တစ်စီး၊ 20-HP မော်တာအဟောင်း တစ်လုံးတို့အား လုယက်ယူဆောင်သွားခဲ့ကြောင်း သိရသည်။
     ထိုသို့ မူလရေပေးဝေရေးစက်ရုံဝင်းအတွင်း ဝင်ရောက်၍ ဌာနပိုင် မော်တော်ယာဉ် နှစ်စီးနှင့် မော်တာအဟောင်း တစ်လုံးတို့အား ခြိမ်းခြောက်လုယက်ယူဆောင်သွားခဲ့သည့် အကြမ်းဖက် သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသတည်ငြိမ်အေးချမ်းစေရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။