Language: Myanmar English

မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးအား အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများ၊  နိုင်ငံ့ဝန်ထမ်းများနှင့် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၆ ရက် နံနက် ၈ နာရီ ၄၅ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၊ ကနားကျေးရွာရှိ “မျိုးထွန်း” လက်ဖက်ရည်ဆိုင်၌ အဆိုပါ ကျေးရွာအုပ်ချုပ်ရေးမှူးဖြစ်သူ ဦးစောဝင်း(၅၆)နှစ်သည် မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ ဒေါင်းဦးကျေးရွာနေ တံတားဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ ရပ်ကွက်/ကျေးရွာစာရေးဖြစ်သူ ဦးအောင်ကျော်မျိုး(၄၀)နှစ်နှင့်အတူ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ၂၀ ဦးခန့်(စိစစ်ဆဲ) ရောက်ရှိလာပြီး ၎င်းတို့နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်။
     ထိုသို့ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးနှင့် နိုင်ငံ့ဝန်ထမ်း တစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် ဖမ်းဆီးခေါ်ဆောင်ခံရသူများအား ပြန်လည်ကယ်တင်နိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းများကို ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။