လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် မျိုးဆက်သစ်ကလေးသူငယ်များ၏ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားနေမှုအား နှောင့်ယှက်ဖျက်ဆီး လိုသည့် ရည်ရွယ်ချက်များဖြင့် ကျောင်းသုံးပုံနှိပ်စာအုပ်များ၊ စာရေးကိရိယာများအား လုယက်ယူဆောင်ဖျက်ဆီးခြင်း၊ ပညာရေးဝန်ထမ်းများနှင့် ကျောင်းသား၊ ကျောင်းသူများအား ခြိမ်းခြောက်ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်း၊ ပညာရေးဆိုင်ရာ အဆောက်အအုံများအား မိုင်းထောင်ဖောက်ခွဲခြင်း၊ ခြိမ်းခြောက်စာများ ပေးပို့ခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ စိုင်ခေါင်းကျေးရွာရှိ အခြေခံပညာမူလတန်းကျောင်းသို့လည်းကောင်း၊ နံနက် ၉ နာရီ ၃၀ မိနစ်တွင် ထန်းပေါက်ကုန်းကျေးရွာရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)သို့ လည်းကောင်း၊ နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် သရက်တောကျေးရွာရှိ အခြေခံပညာ မူလတန်းလွန်ကျောင်းသို့ လည်းကောင်း PDF အမည်ခံ အကြမ်းဖက်သမား ၂၅ ဦးခန့်(စိစစ်ဆဲ)က စာသင်ကျောင်းများအတွင်း ဝင်ရောက်ကာ ငြိမ်းချမ်းစွာ ပညာသင်ကြားပေးနေသော ကျောင်းဆရာ၊ ဆရာမများအား ကျောင်းပိတ်ရန် အကြမ်းဖက်ခြိမ်းခြောက်ကာ စာသင်ကျောင်းများရှိ အခန်းတံခါးများ၊ ကျောင်းတံခါးခြံဝင်းတံခါးမကြီးများအား သော့ခတ်၍ သော့များအား ယူဆောင်သွားခဲ့ကြောင်း သိရသည်။
အထက်ပါဖြစ်စဉ်မှ ပညာရေးကဏ္ဍ တိုးတက်မြင့်မားစေရန် အခြေခံပညာစာသင်ကျောင်းများ ဖွင့်လှစ်သင်ကြားမှုကို နှောင့်ယှက်ဖျက်ဆီးလိုသည့် ရည်ရွယ်ချက်ဖြင့် စာသင်ကျောင်းများသို့ ခြိမ်းခြောက်စာပေးပို့ခြင်း၊ လက်လုပ်မိုင်းထောင်ခြင်းများ လုပ်ဆောင်ခဲ့သည့် အကြမ်းဖက်သမားများအား ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။