Language: Myanmar English

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က မော်တော်ယာဉ် တစ်စီးနှင့်အတူ ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် သာသနာ့အနွယ်ဝင် သံဃာတော် နှစ်ပါးနှင့် အပြစ်မဲ့ အရပ်သားပြည်သူ လေးဦး ပြန်လည်လွတ်မြောက်

     လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများ အတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် သာသနာ့အနွယ်ဝင် သံဃာတော်များ၊ အေးချမ်းစွာ နေထိုင်လျက်ရှိသည့် ဒေသခံပြည်သူများကိုပါ ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှု များနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
     ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၃ ရက် မွန်းလွဲ ၂ နာရီတွင် စစ်ကိုင်းတိုင်း ဒေသကြီး၊ ကန့်ဘလူမြို့နယ်၊ စန္ဒယားကျေးရွာရှိ ကျေးရွာဘုန်းကြီးကျောင်းမှ သံဃာတော် ဥူးသီရိန္ဒ(ခ)ဦးဆွေဦး၊ သက်တော်(၅၃)နှစ်၊ ဝါတော်(၃၃)ဝါ၊ ဥူးဝိသုတ(ခ)ဦးတင်ငြိမ်း၊ သက်တော် (၆၃)နှစ်၊ ဝါတော်(၄၂)ဝါ၊ အဆိုပါကျေးရွာနေသူများဖြစ်သည့် ဦးချမ်းသာထွန်း(၄၅)နှစ်၊ ဦးတင်သိန်း (၆၄)နှစ်၊ ဒေါ်တင်ကြိုင်(၆၁)နှစ်နှင့် ဦးကျော်မြင့်(၆၃)နှစ်တို့ ခြောက်ဦးသည် ရန်ကုန်မြို့မှ ကန့်ဘလူမြို့သို့ မော်တော်ယာဉ်ဖြင့် ထွက်ခွာလာစဉ် ကန့်ဘလူမြို့နယ်၊ ရေကြည်ဦးကျေးရွာ အနီးအရောက်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့ အင်အား(စိစစ်ဆဲ)က မော်တော်ယာဉ်အား တားဆီးကာ ၎င်းတို့ ခြောက်ဦးအား မော်တော်ယာဉ်နှင့်အတူ ဂွေးကုန်းကျေးရွာသို့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ပြီး ဇူလိုင် ၈ ရက် ညနေ ၄ နာရီတွင် ဆရာတော် ဥူးသီရိန္ဒ(ခ)ဦးဆွေဦးပါ ခြောက်ဦး တို့၏လက်ကိုင်ဖုန်းများနှင့် မော်တော်ယာဉ် တစ်စီးအား လုယက်ယူဆောင်ကာ ဂွေးကုန်းကျေးရွာထိပ် မူးဘောင်လမ်းသို့ မော်တော်ယာဉ်ဖြင့် ပို့ဆောင်ခဲ့သဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
     ထိုသို့ သာသနာ့အနွယ်ဝင် သံဃာတော်များနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။