လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများ စသော လူသားချင်းမစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၈ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ သီးကုန်းကျေးရွာ၌ အမျိုးသား တစ်ဦးအား PDF အမည်ခံ အကြမ်းဖက်သမားများက ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သတင်းအရ လုံခြုံရေးတပ်ဖွဲ့ဝင်များက သွားရောက်စစ်ဆေးခဲ့ရာ အဆိုပါကျေးရွာနေ ဦးဆန်းဝင်း(၅၅)နှစ်သည် ၎င်း၏နေအိမ်၌ ရှိနေစဉ် PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး(စိစစ်ဆဲ)က ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး ၎င်းအား ဖမ်းဆီးခေါ်ဆောင်ကာ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်းမစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။