လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့၊ ရွာများအတွင်း တိုက်ပွဲများဖော်ဆောင်ခြင်း၊ လက်နက်ကြီးများဖြင့် အဝေးမှ ပစ်ခတ်ခြင်း၊ Drone ဖြင့် Drop Bomb များ ပစ်ချတိုက်ခိုက်ခြင်း၊ လက်လုပ်ဗုံး၊ လက်လုပ်မိုင်းများဖြင့် မိုင်းထောင်ဖောက်ခွဲ တိုက်ခိုက်ခြင်းများအား လုပ်ဆောင်လျက်ရှိသည့်အပြင် အေးချမ်းစွာ နေထိုင်လျက်ရှိသည့် အပြစ်မဲ့ အရပ်သားပြည်သူများကို ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေတောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော အကြမ်းဖက်မှုများနှင့် ရာဇဝတ်မှုများအား ကျူးလွန် လုပ်ဆောင်လျက်ရှိပါသည်။
ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၃ ရက် ည ၈ နာရီ ၁၀ မိနစ်တွင် မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ အမှတ်(၃)ရပ်ကွက်နေ ဒေါ်ခင်မာကြူ(၄၂)နှစ်သည် တစ်ရပ်ကွက်တည်းနေ ဦးမင်းသူ(၄၄)နှစ်ပါ အမျိုးသား လေးဦးတို့နှင့်အတူ ၎င်း၏နေအိမ်၌ စကားပြောနေစဉ် သေနတ်များ ကိုင်ဆောင်ထားသည့် PDF အမည်ခံ အကြမ်းဖက်သမား ခုနစ်ဦး(စိစစ်ဆဲ) ရောက်ရှိလာပြီး ဗီရိုအတွင်းမှ ငွေကျပ် သိန်း ၃၀၀ ခန့်နှင့် နေအိမ်ခြံဝင်းအတွင်း ရပ်ထားသည့် MDY-14/ 7L-XXXX NISSAN CLIPPER အဖြူရောင် မော်တော်ယာဉ် တစ်စီးနှင့် MDY/72W-XXXX HONDA SCOPPY အပြာရောင် မော်တော်ဆိုင်ကယ် တစ်စီးတို့အား လုယက်ယူဆောင်၍ ဒေါ်ခင်မာကြူနှင့် ဦးမင်းသူတို့ နှစ်ဦးအား ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၊ ဘဲကြီးကျေးရွာဘက်သို့ ပြန်လည်ထွက်ခွာသွားခဲ့ကြောင်း သိရသည်။
ထိုသို့ အပြစ်မဲ့ အရပ်သားပြည်သူများအား ပစ်မှတ်ထားဖမ်းဆီး၍ ခြိမ်းခြောက်ငွေ တောင်းခံခြင်း၊ သတ်ဖြတ်ခြင်းများစသော လူသားချင်း မစာနာသည့် လူမဆန်သော ရာဇဝတ်မှုများအား ကျူးလွန်လုပ်ဆောင်လျက်ရှိသည့် အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များနှင့်အညီ ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။