Language: Myanmar English

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်သမားများက အုပ်ချုပ်ရေး ယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီး

       လက်နက်ကိုင်အကြမ်းဖက်အဖွဲ့များသည် နိုင်ငံတော်အတွင်း အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာ အဆောက်အအုံများ၊ လမ်း၊ တံတားများနှင့် လူစည်ကားရာ နေရာများ၌ လက်နက်ကြီး/ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်း၊ မိုင်းထောင်ဖောက်ခွဲခြင်း၊ မီးရှို့ဖျက်ဆီးခြင်းစသည့် အကြမ်းဖက်မှုလုပ်ရပ်များအား လုပ်ဆောင်လျက်ရှိသည်။

      ထိုသို့ လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁၅ ရက် နံနက် ၁ နာရီတွင် ပဲခူးတိုင်း ဒေသကြီး၊ သဲကုန်းမြို့နယ်၊ ကွင်းကြီးကျေးရွာသို့ PDF အမည်ခံ အကြမ်းဖက်သမား ခြောက်ဦး (စိစစ်ဆဲ)က ကွင်းကြီးကျေးရွာအရှေ့တောင်ဘက် တစ်မိုင်ခန့်အကွာရှိ ရေစုပ်ပင်ကျေးရွာဘက်မှ ဆိုင်ကယ် သုံးစီးဖြင့် ရောက်ရှိလာပြီး အဆိုပါကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီး သွားခဲ့သဖြင့် အလျား ၁၅ ပေ၊ အနံ ၂၀ ပေ၊ အမြင့် ၁၂ ပေခန့်ရှိ ရုံးအဆောက်အအုံ တစ်လုံး မီးလောင် ပျက်စီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

   အထက်ပါဖြစ်စဉ်မှ အကြမ်းဖက်မှုလုပ်ရပ်များအား ကျူးလွန်ခဲ့သူ အကြမ်းဖက်သမားများအား ဖော်ထုတ်ဖမ်းဆီးအရေးယူနိုင်ရေးနှင့် နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးအတွက် လုံခြုံရေး တပ်ဖွဲ့ဝင်များက လိုအပ်သည့် လုံခြုံရေးလုပ်ငန်းစဉ်များကို ပြည်သူလူထုနှင့်ပူးပေါင်းကာ တိုးမြှင့် ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

ပဲခူးတိုင်းဒေသကြီး၊ သဲကုန်းမြို့နယ်၌ PDF အမည်ခံ အကြမ်းဖက်အဖွဲ့က အုပ်ချုပ်ရေးယန္တရားများ ပျက်ပြားစေရန်နှင့် တည်ငြိမ်အေးချမ်းမှုအား နှောင့်ယှက်ဖျက်ဆီးရန် ရည်ရွယ်၍ ကျေးရွာအုပ်ချုပ်ရေးမှူးရုံးအား မီးရှို့ဖျက်ဆီးမှု မှတ်တမ်းဓာတ်ပုံ။