Language: Myanmar English

PDF အမည်ခံ အကြမ်းဖက်အဖွဲ့များမှ ဌာနဆိုင်ရာရုံးများအား Drop Bomb များ၊ လက်နက်ကြီး/ ငယ်များ အသုံးပြု၍ အကြောင်းမဲ့ တိုက်ခိုက်ဖျက်ဆီးခြင်း၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများပြုလုပ်

    တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ မြို့နယ်အချို့တွင် အကြမ်းဖက်သမားများမှ ဌာနဆိုင်ရာ ရုံးများအား တိုက်ခိုက်ဖျက်ဆီးခြင်းများ၊ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တာဝန်ရှိသူများနှင့် အပြစ်မဲ့ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်ခြင်းများ ပြုလုပ်လျက်ရှိပါသည်။
    ထိုသို့လုပ်ဆောင်လျက်ရှိရာ ၂၀၂၅ ခုနှစ်၊ မတ် ၂၄ ရက် နံနက် ၉ နာရီ ၅ မိနစ်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ ဘီးလင်းမြို့၊ ဆရာစံရပ်ကွက်ရှိ မြို့နယ်အထွေထွေအုပ်ချုပ်‌ဦးစီးဌာနရုံးအား အကြမ်းဖက် PDF အဖွဲ့မှ ဘီးလင်းမြို့နယ်၊ ကဒီပုကျေးရွာအုပ်စု၊ ဘီးလင်းကြိုးကျေးရွာဘက်မှနေ၍ Drone ဖြင့် Drop Bomb တစ်လုံး ပစ်ချတိုက်ခိုက်ခဲ့ရာ ရုံးရှေ့ခြံစည်းရိုးအနီး ကွင်းပြင်သို့ ကျရောက်ပေါက်ကွဲခဲ့မှုကြောင့် လူ/ အဆောက်အအုံ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။
    အလားတူ မတ် ၂၀ ရက် ည ၈ နာရီ ၃၀ မိနစ်တွင် မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သနပ်ကုန်းကျေးရွာအုပ်စုစာရေး ဒေါ်ကြွယ်ဇင်ဦးသည် စလင်းမြို့နယ်၊ ကြက်သကိုင်ကျေးရွာအုပ်စု၊ မင်းတဲကျေးရွာရှိ နေအိမ်၌ရှိနေစဉ် အမည်မသိ ဖုန်းနံပါတ် ၀၉-၇၇၉၀၆၈၈၄၅ ဖြင့် “လက်ရှိအလုပ်မှ ထွက်စေလိုကြောင်း၊ သတိထားနေထိုင်ရန်နှင့် ဆင်ဆင်ခြင်ခြင်နေထိုင်ရန် သတိပေးခြင်းဖြစ်ကြောင်း” ခြိမ်းခြောက်ပြောဆိုလာခဲ့ကြောင်း သတင်းရရှိသည်။