Language: Myanmar English

မန္တလေးမြို့တွင် မြန်မာ-အိန္ဒိယနယ်စပ်သို့ မူးယစ်ဆေးဝါး သယ်ဆောင်ရောင်းဝယ်သည့်အဖွဲ့အား ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလို၊ PHENSEDYL ၃၀ ပုလင်းနှင့်အတူ ဖော်ထုတ်ဖမ်းဆီးရမိ

     မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၇ ရက် ညနေ ၄ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ မဟာမြိုင် (၂)ရပ် ကွက်၊ ၄၁(A)လမ်း၊ ၆၁x ၆၂ လမ်းကြား၌ မူးယစ်ဆေးဝါး အရောင်းအဝယ်ပြုလုပ်နေကြောင်း သတင်းအရ ရှာဖွေစစ်ဆေးခဲ့ရာ စောဖြိုးအောင်၊ လင်းလင်းအောင်၊ လှိုင်ဖြိုးထွေး(ခ)ကိုထွေးနှင့် အောင်မျိုးသိန်း(ခ)တာတီးတို့ လေးဦးအား TOYOTA CROWN မော်တော်ယာဉ် တစ်စီး၊ ပလတ်စတစ် ဆပ်ပြာခွက် ၆၆၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၅ ဒသမ ၉၄ ကီလိုနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
     ကွင်းဆက်ဖော်ထုတ်ချက်အရ ယင်းနေ့ ညနေ ၄ နာရီ ၃၀ မိနစ်တွင် ချမ်းအေးသာစံမြို့နယ်၊ ပြည်ကြီးမျက်ရှင်ရပ်ကွက်ရှိ စောဖြိုးအောင်၏နေအိမ်မှ တစ်ပုလင်းလျှင် ၁၀၀ မီလီလီတာစီပါ PHENSEDYL ၃၀ ပုလင်း ထပ်မံဖမ်းဆီးရမိခဲ့ကြောင်း၊ ဖမ်းဆီးရမိမှုဖြစ်စဉ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်မြို့နယ်၊ နားရိုင်းရွာသစ်ကျေးရွာ ကိုစိုင်း(ခ)အားချိန်၏ အစီအမံဖြင့် ချမ်းအေးသာစံမြို့နယ် အောင်သူ(ခ)စိန်သောင်းမှ တာဝန်ခံ၍ လှိုင်ဖြိုးထွေး၊ သန့်ဇင်ထွန်း၊ လင်းလင်းအောင်နှင့် ဇော်မျိုးသိန်းတို့အား သယ်ဆောင်ခိုင်းပြီး ချမ်းအေးသာစံမြို့နယ် စောဖြိုးအောင်မှ မန္တလေးမြို့တွင် ဘိန်းဖြူများဝယ်ယူ၍ မြန်မာ-အိန္ဒိယနယ်စပ်၊ တမူးမြို့နယ်သို့ သယ်ဆောင်ရောင်းဝယ်ပြီး မြန်မာ-အိန္ဒိယနယ်စပ်နေ ကီရန်းမှ ပြန်လည်ရောင်းချခြင်းဖြစ်ကြောင်းနှင့် ကလေးမြို့မှ မန္တလေးမြို့သို့ PHENSEDYL များ သယ်ဆောင်ရောင်းဝယ်ခြင်းဖြစ်ကြောင်း သိရှိရသဖြင့် ဘိန်းဖြူရောင်းချပေးခဲ့သည့် အောင်သူနှင့် သန့်ဇင်ထွန်းတို့အား ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပင်လောင်းမြို့နယ်၊ လိန်းလီကျေးရွာအနီးတွင် SUZUKI Ciaz မော်တော်ယာဉ် တစ်စီးနှင့်လည်းကောင်း၊ PHENSEDYL များ ရောင်းချပေးသူ လှိုင်မျိုးထွန်း(ခ)သီလွန်းအား မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ မင်းတဲအီကင်းရပ်ကွက်တွင်လည်းကောင်း အသီးသီးဖမ်းဆီးရမိခဲ့၍ ၎င်းတို့အား ဥပဒေအရ အရေးယူထားရှိပြီး ကွင်းဆက်ပြစ်မှုကျူးလွန်သူများအား ဆက်လက်စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သတင်းရရှိသည်။

ပြစ်မှုကျူးလွန်သူများအား သိမ်းဆည်းရမိသည့် မူးယစ်ဆေးဝါးများနှင့်အတူ တွေ့ရစဉ်။