Language: Myanmar English

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၁၂၈ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး တရုတ်နိုင်ငံသား ၁၄ ဦး ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်း

    ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ် (KK Park)၊ မဲ့ထော်သလေးနှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊ အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တရုတ်(တိုင်ပေ)နိုင်ငံသား ၅၅ ဦး၊ အီသီယိုးပီးယားနိုင်ငံသား ၄၁ ဦး၊ သီရိလင်္ကာနိုင်ငံသား ၁၅ ဦး၊ နီပေါနိုင်ငံသား ၁၂ ဦးနှင့်  ဆီရာလီယွန်နိုင်ငံသား ၅ ဦး၊ စုစုပေါင်း ၁၂၈ ဦးတို့အား ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှငလွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၄ ဦးအား ထပ်မံစစ်ဆေးဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့သည်။
    အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းများ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေးအတွက် ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်နှင့် တာဝန်ရှိသူများက ဌာနဆိုင်ရာ များနှင့်တွေ့ဆုံကာ စာရင်းဇယား၊ အချက်အလက်များ ကိုက်ညီမှုရှိစေရေးနှင့် ပြည့်စုံမှန်ကန်မှုရှိစေရေးတို့ကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးသည်။
    ဆက်လက်၍ ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ ကရင်ပြည်နယ်၊ လူမှုရေးရာဝန်ကြီးနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ သီရိလင်္ကာနိုင်ငံသံရုံးမှ Ambassador Ms. E.A.S Wijayanthi Edirisinghe နှင့် တာဝန်ရှိသူများ၊ တရုတ်နိုင်ငံဆိုင်ရာ ဆီရာလီယွန်သမ္မတနိုင်ငံသံရုံးမှ Deputy Ambassador Mr.Saffa–Woya Rogers နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နီပေါနိုင်ငံသံရုံးမှ First Secretary Mr.Kumar Bikram Regmi နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အီသီယိုးပီးယား ဖယ်ဒရယ်ဒီမိုကရက်တစ်သမ္မတနိုင်ငံသံရုံးမှ Second Secretary Mr.Wendwosen Melkamu နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံအခြေစိုက် Taipei Economic & Cultural Office in Thailand မှ Deputy Director Mr.Asad Cheng နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိသူတို့က သက်ဆိုင်ရာနိုင်ငံများမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထားစာရွက်စာတမ်းများကို စနစ်တကျ လွှဲပြောင်းပေးအပ်သည်။
    ထို့အတူ မြဝတီမြို့၊ ရွှေကုက္ကိုလ်(KK Park)နယ်မြေသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် တရုတ်နိုင်ငံသား ၁၄ ဦးအား ၂၀၂၅ ခုနှစ်၊ မေ ၆ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၆ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၀၅၉ ဦး စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၇,၇၁၃ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၁,၃၄၆ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက်ထားရှိသည်။
    နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်းလောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများအားလုံးကို စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှအဖွဲ့အစည်းများ၊ အထူးသဖြင့် မြန်မာ-တရုတ်-ထိုင်း သုံးနိုင်ငံအကြား သုံးပွင့်ဆိုင်ပူးပေါင်းဆောင်ရွက်မှုပုံစံ (Trilateral Cooperation) တို့ဖြင့် စဉ်ဆက်မပြတ် တက်ကြွစွာဖော်ထုတ်အရေးယူ ဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိသည်။