Language: Myanmar English

အွန်လိုင်းလိမ်လည်မှု (Telecom Fraud) နှင့် ဒုစရိုက်မှုလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသား ၃၁ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့ လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်း

     ထိုင်းနိုင်ငံအပါအဝင် အိမ်နီးချင်းနိုင်ငံအချို့ကို တစ်ဆင့်ခံဖြတ်သန်း၍ မြန်မာနိုင်ငံအတွင်းသို့ နယ်စပ်လမ်းကြောင်းများမှ တရားမဝင် ဝင်ရောက်လာပြီး ကရင်ပြည်နယ်၊ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊  မယ်ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေများတွင် အွန်လိုင်းလောင်းကစားမှုများ၊   အွန်လိုင်းလိမ်လည်မှုများအပါအဝင် ဒုစရိုက်မှုများ ကျူးလွန်ခဲ့ကြသည့် တောင်ကိုးရီးယားနိုင်ငံသား ၁ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၇ ဦး၊ အိန္ဒိယနိုင်ငံသား ၁၀ ဦး၊ ရုရှားနိုင်ငံသား ၁ ဦးနှင့် ဖိလစ်ပိုင်နိုင်ငံသား  ၁၂ ဦး၊ စုစုပေါင်း ၃၁ ဦးတို့အား ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်တွင် မြန်မာ-ထိုင်း အမှတ်(၂)ချစ်ကြည်ရေး တံတားမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ လူသားချင်းစာနာထောက်ထားမှုနှင့် နိုင်ငံအချင်းချင်း ချစ်ကြည်ရင်းနှီးမှုတို့ကို ရှေးရှု၍ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ ပြည်နှင်လွှဲပြောင်းပေးအပ်ခဲ့ပြီး ပြည်ပနိုင်ငံသား ၁၃ ဦးအား ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းခဲ့သည်။

   အဆိုပါ ပြည်နှင်လွှဲပြောင်းပေးမှုလုပ်ငန်းစဉ်များ စနစ်တကျရှိစေရေးနှင့် အဆင်ပြေချောမွေ့စေရေး အတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် တာဝန်ရှိသူများအား လိုအပ်သည့် စာရင်းဇယား၊ အချက်အလက်များ ပြည့်စုံမှန်ကန်မှုရှိရေးတို့ကို မှာကြားသည်။

    ထို့နောက် ပြည်နှင်လွှဲပြောင်းပေးအပ်ပွဲကို ကျင်းပခဲ့ရာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ကရင်ပြည်နယ်၊ ဒုတိယညွှန်ကြားရေးမှူး ဦးမြင့်ဘုန်းနှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ တောင်ကိုးရီးယားသမ္မတနိုင်ငံသံရုံးမှ Counsellor Mr. Doosung Kim နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ နိုင်ဂျီးရီးယားသမ္မတနိုင်ငံသံရုံးမှ Counsellor Ms. Juliet Onyejiaka နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ Counsellor Mr. Pranav  Ganesh နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ရုရှား နိုင်ငံသံရုံးမှ Counsellor Mr. Ilyn Ilia နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံဆိုင်ရာ ဖိလစ်ပိုင်နိုင်ငံသံရုံးမှ  Attache  and  Assistance to  Nationals  Officer Ms. Musetar C. Moso နှင့် တာဝန်ရှိသူများ၊ ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပြီး မြန်မာနိုင်ငံမှ တာဝန်ရှိ သူများက သက်ဆိုင်ရာနိုင်ငံမှ တာဝန်ရှိသူထံသို့ ပြည်နှင်လွှဲပြောင်းလက်ခံရေးဆိုင်ရာ အထောက်အထား   စာရွက်စာတမ်းများကို  စနစ်တကျလွှဲပြောင်းပေးအပ်သည်။

    ထို့အတူ မြဝတီမြို့၊ ရွှေကုက္ကိုလ်၊ မယ်ထော်သလေး (KK Park) နှင့် ကျောက်ခတ်နယ်မြေ များသို့ တရားမဝင်လမ်းကြောင်းများမှတစ်ဆင့် ဝင်ရောက်နေကြသည့် ဖိလစ်ပိုင်နိုင်ငံသား ၈ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ အိန္ဒိယနိုင်ငံသား ၃ ဦး၊ တရုတ်နိုင်ငံသား ၁ ဦး၊ စုစုပေါင်း ပြည်ပ နိုင်ငံသား ၁၃ ဦးအား ၂၀၂၅ ခုနှစ်၊ မေ ၂၀ ရက်တွင် ထပ်မံစစ်ဆေး ဖော်ထုတ်ထိန်းသိမ်းနိုင်ခဲ့ပြီး ၂၀၂၅  ခုနှစ်၊ ဇန်နဝါရီ ၃၀ ရက်မှ မေ ၂၀ ရက်အထိ မြန်မာနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့်  ပြည်ပနိုင်ငံသား စုစုပေါင်း ၉,၀၉၉ ဦးအား စစ်ဆေးဖော်ထုတ် ထိန်းသိမ်းနိုင်ခဲ့ကာ ၎င်းတို့အနက်မှ ၈,၄၆၉ ဦးအား ထိုင်းနိုင်ငံမှတစ်ဆင့် သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေလုပ်ထုံးလုပ်နည်းများနှင့်အညီ စနစ်တကျပြည်နှင်လွှဲပြောင်းပေးခဲ့ပြီး ကျန်ရှိသည့် ပြည်ပနိုင်ငံသား ၆၃၀ ဦးအား သက်ဆိုင်ရာနိုင်ငံများသို့  လွှဲပြောင်းပေးရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်းနှင့် ၎င်းတို့ကို ကောင်းမွန်စွာထိန်းသိမ်းစောင့်ရှောက် ထားရှိသည်။

    နိုင်ငံတော်အစိုးရအနေဖြင့် အွန်လိုင်းအသုံးပြုလိမ်လည်မှု (Online Scam) နှင့် အွန်လိုင်း လောင်းကစားမှု (Online Gambling) လုပ်ဆောင်နေသူများ၊ ပါဝင်ပတ်သက်သူများ အားလုံးကို ပြတ်ပြတ်သားသား စုံစမ်းဖော်ထုတ်လျက်ရှိပြီး အိမ်နီးချင်းနိုင်ငံများအပါအဝင် နိုင်ငံတကာမှ  အဖွဲ့အစည်း များနှင့်ပူးပေါင်း၍ စဉ်ဆက်မပြတ် တက်ကြွစွာဖော်ထုတ်အရေးယူဆောင်ရွက်လျက်ရှိသည့်အပြင် အဆိုပါလုပ်ငန်းများတွင် ဆက်စပ်ပါဝင်ခဲ့ကြသည့် ပြည်ပနိုင်ငံသားများကို သက်ဆိုင်ရာနိုင်ငံများသို့ စနစ်တကျ ပြည်နှင်လွှဲပြောင်းပေးလျက်ရှိကြောင်း သတင်းရရှိပါသည်။